출애굽기 40장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 38절
- 1 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
- 2 သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။
- 3 တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
- 4 စားပွဲကိုလည်း သွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။
- 5 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
- 6 ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
- 7 အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကို ထည့်ရမည်။
- 8 တဲတော်ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
- 9 လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။
- 10 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။
- 11 အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။
- 12 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
- 13 အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။
- 14 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။
- 15 အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊
- 16 ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
- 17 သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကို ဆောက်လေ၏။
- 18 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကို ထူလေ၏။
- 19 တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။
- 20 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
- 21 သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
- 22 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊
- 23 စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
- 24 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား၍၊
- 25 ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းလေ၏။
- 26 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား၍၊
- 27 ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။
- 28 တဲတော်တံခါးဝ၌လည်း၊ ကုလားကာကို ဆွဲကာလေ၏။
- 29 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာ ယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။
- 30 အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။
- 31 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊
- 32 ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။
- 33 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း။
- 34 ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။
- 35 ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။
- 36 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
- 37 မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။
- 38 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ ရှင်မောရှေစီရင်ရေးထားသော ထွက်မြောက်ရာ ကျမ်းပြီး၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗