레위기 1장 Judson (1835)
Judson (1835) · 미얀마어 · 레위기 (Leviticus) · 17절
- 1 ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
- 2 သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
- 3 နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
- 4 ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
- 5 ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
- 6 ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်း ဖြတ်ရမည်။
- 7 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
- 8 ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတများကို တင်ရမည်။
- 9 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
- 10 သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
- 11 ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
- 12 ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည်။
- 13 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
- 14 ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
- 15 ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
- 16 စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက်နား၌ ပစ်ထားရမည်။
- 17 အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗