출애굽기 36장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 38절
- 1 ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဉာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
- 2 တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊
- 3 သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။
- 4 ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊
- 5 မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊
- 6 မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
- 7 ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
- 8 သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
- 9 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
- 10 ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။
- 11 ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။
- 12 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။
- 13 ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။
- 14 တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။
- 15 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။
- 16 ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။
- 17 ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။
- 18 ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
- 19 အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။
- 20 တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။
- 21 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။
- 22 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။
- 23 တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
- 24 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။
- 25 ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
- 26 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။
- 27 တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
- 28 ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။
- 29 အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
- 30 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
- 31 တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။
- 32 တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။
- 33 အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။
- 34 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
- 35 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
- 36 ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။
- 37 တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
- 38 ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗