출애굽기 35장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 35절
- 1 မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ၍၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
- 2 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည်။
- 3 သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို၏။
- 4 တဖန် မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်ကား၊
- 5 သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
- 6 ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊
- 7 အနီဆုံးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊
- 8 လိမ်းရန် ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
- 9 ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။
- 10 သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ၍၊
- 11 တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊
- 12 သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊
- 13 စားပွဲနှင့် သူ၏ထမင်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊
- 14 မီးထွန်းစရာဘို့ မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊
- 15 နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို၎င်း၊
- 16 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊
- 17 တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊
- 18 တဲတော်တံသင်၊ ဝင်းတံသင် ကြိုးများကို၎င်း၊
- 19 သန့်ရှင်းရာဌာန၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ၏သား ဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို၏။
- 20 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှ ထွက်သွားကြ၍၊
- 21 မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ၏။
- 22 ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအား ရွှေကို လှူကြ၏။
- 23 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့၏။
- 24 ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ၏။
- 25 ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။
- 26 မိမိဉာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။
- 27 သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊
- 28 မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်း ဆောင်ခဲ့ကြ၏။
- 29 ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ၏။
- 30 တဖန် မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ။
- 31 သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်။
- 32 ကျောက်ကို သွေး၍ စီသော အတတ်၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
- 33 ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။
- 34 သူနှင့် ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း၊ ဉာဏ်ကို ပေးတော်မူပြီ။
- 35 ထိုသူတို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗