출애굽기 31장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 18절
- 1 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
- 2 နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။
- 3 သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊
- 4 သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
- 5 ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။
- 6 သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။
- 7 ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊
- 8 စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊
- 9 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊
- 10 အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊
- 11 လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။
- 12 တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
- 13 ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။
- 14 ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
- 15 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။
- 16 သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
- 17 ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
- 18 ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗