출애굽기 30장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 38절
- 1 တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
- 2 ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
- 3 ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
- 4 ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။
- 5 ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။
- 6 ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။
- 7 အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။
- 8 ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။
- 9 ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။
- 10 အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
- 11 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
- 12 ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည်။
- 13 ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။
- 14 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည်။
- 15 ကိုယ်အသက်ကို ရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သော သူတို့သည် မပို၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည်။
- 16 ဣသရေလအမျိုးသားတို့၏ အရွေးငွေကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
- 17 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
- 18 အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
- 19 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊
- 20 အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊
- 21 သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
- 22 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
- 23 သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊
- 24 သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကို ယူ၍၊
- 25 ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ၊
- 26 ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊
- 27 စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
- 28 မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊
- 29 ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့ သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
- 30 အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
- 31 ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။
- 32 လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
- 33 ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
- 34 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
- 35 ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။
- 36 အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
- 37 ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
- 38 အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗