창세기 49장 Judson (1835)
Judson (1835) · 미얀마어 · 창세기 (Genesis) · 33절
- 1 ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
- 2 ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
- 3 အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
- 4 သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။
- 5 ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
- 6 ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
- 7 သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။
- 8 အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
- 9 ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။
- 10 ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
- 11 မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
- 12 သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
- 13 ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
- 14 ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
- 15 ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။
- 16 ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။
- 17 ဒန်သည် လမ်း၌နေသော မြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ၍၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
- 18 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
- 19 ဂဒ်မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
- 20 အာရှာ၌ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည်။
- 21 နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
- 22 ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
- 23 လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
- 24 သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊
- 25 သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။
- 26 သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
- 27 ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။
- 28 ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကားပေတည်း။
- 29 တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ။
- 30 ခါနာန်ပြည် မံရေမြို့ရှေ့မှာ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
- 31 ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
- 32 ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
- 33 ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗