전도서 7장 Judson (1835)
Judson (1835) · 미얀마어 · 전도서 (Ecclesiastes) · 29절
- 1 ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။
- 2 မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။
- 3 ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။
- 4 ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
- 5 လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
- 6 အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
- 7 အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
- 8 အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
- 9 အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
- 10 ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။
- 11 ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
- 12 အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
- 13 ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။
- 14 ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
- 15 ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
- 16 လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။
- 17 လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။
- 18 ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
- 19 မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။
- 20 အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
- 21 သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
- 22 သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။
- 23 ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။
- 24 ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
- 25 ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
- 26 ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
- 27 ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊
- 28 ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
- 29 ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗