잠언 18장 Judson (1835)
Judson (1835) · 미얀마어 · 잠언 (Proverbs) · 24절
- 1 သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
- 2 မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မပျော်မွေ့တတ်။
- 3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
- 4 နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
- 5 တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
- 6 မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
- 7 မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
- 8 ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
- 9 အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
- 10 ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
- 11 ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
- 12 ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
- 13 အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
- 14 လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
- 15 သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
- 16 လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
- 17 ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
- 18 စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
- 19 အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
- 20 လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
- 21 လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
- 22 မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
- 23 ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
- 24 အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗