잠언 17장 Judson (1835)
Judson (1835) · 미얀마어 · 잠언 (Proverbs) · 28절
- 1 တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
- 2 ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
- 3 ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
- 4 မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
- 5 ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
- 6 မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
- 7 မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
- 8 လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
- 9 သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
- 10 မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
- 11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
- 12 မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
- 13 အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
- 14 ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
- 15 မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
- 16 မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
- 17 အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
- 18 ဉာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။
- 19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
- 20 သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။
- 21 မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
- 22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
- 23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
- 24 ဉာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
- 25 မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။
- 26 ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
- 27 သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
- 28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဉာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗