욥기 39장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 30절
- 1 သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
- 2 ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။
- 3 သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။
- 4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
- 5 တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
- 6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။
- 7 မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
- 8 တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
- 9 ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
- 10 ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
- 11 ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
- 12 သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
- 13 ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
- 14 သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
- 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
- 16 သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
- 17 အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကိုပေးတော်မမူ။
- 18 သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။
- 19 သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။
- 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
- 21 လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။
- 22 ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။
- 23 သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
- 24 မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
- 25 တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
- 26 သင်ပေးသော ဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
- 27 သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
- 28 သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
- 29 ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
- 30 သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗