욥기 32장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 22절
- 1 ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
- 2 ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
- 3 ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
- 4 ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
- 5 ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
- 6 ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
- 7 နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။
- 8 သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဉာဏ်ရှိ၏။
- 9 လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
- 10 သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
- 11 သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
- 12 စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
- 13 သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
- 14 ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
- 15 ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
- 16 ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
- 17 သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။
- 18 ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
- 19 ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။
- 20 ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။
- 21 အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
- 22 သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗