예레미야애가 5장 Judson (1835)
Judson (1835) · 미얀마어 · 예레미야애가 (Lamentations) · 22절
- 1 အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
- 2 အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။
- 3 အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။
- 4 ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
- 5 ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
- 6 စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။
- 7 ဘိုးဘေးတို့သည်ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
- 8 သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
- 9 တော၌ထားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
- 10 မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
- 11 ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။
- 12 မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
- 13 လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။
- 14 အသက်ကြီးသူတို့သည် မြို့တံခါးဝ၌၎င်း၊ လူပျို တို့သည် ပွဲသဘင်၌၎င်း ကွယ်ပျောက်ကြပါ၏။
- 15 အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်း ရှိကြပါ၏။
- 16 အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ၏။
- 17 ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ၏။
- 18 လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
- 19 အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ၏။
- 20 ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
- 21 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ။
- 22 အကယ်၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော် မူမည်လော။ ပရောဖက်ယေရမိမြည်တမ်းသောစကားပြီး၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗