에스겔 22장 Judson (1835)
Judson (1835) · 미얀마어 · 에스겔 (Ezekiel) · 31절
- 1 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
- 2 အချင်းလူသား၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။
- 3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊
- 4 သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
- 5 အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။
- 6 ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။
- 7 သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။
- 8 သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။
- 9 သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။
- 10 သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။
- 11 သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
- 12 သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။
- 13 သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
- 14 သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။
- 15 သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကို လည်း ပယ်ရှင်းမည်။
- 16 လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
- 17 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
- 18 အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။
- 19 ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။
- 20 ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။
- 21 အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည်။
- 22 ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
- 23 တဖန် အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
- 24 အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက် ထွက်သောနေ့၌ မိုဃ်းမရွာ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ်၏။
- 25 ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။
- 26 ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။
- 27 မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
- 28 ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။
- 29 ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။
- 30 ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။
- 31 ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗