시편 76편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 12절
- 1 ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။
- 2 ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။
- 3 ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။
- 4 သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။
- 5 ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။
- 6 ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။
- 7 ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။
- 8 ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊
- 9 တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့်၊ မြေကြီးသည် ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။
- 10 အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။
- 11 သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
- 12 ထိုဘုရားသည် မင်းသားတို့၏ စိတ်ကို နှိမ့်ချ တော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗