시편 64편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 10절
- 1 အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။
- 2 လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ။
- 3 ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏။
- 4 စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့်၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ၏။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ၏။
- 5 မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။
- 6 မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ၏။
- 7 သူတို့၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။
- 8 သို့ဖြစ်၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။
- 9 လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။
- 10 ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗