시편 49편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 20절
- 1 လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်း သောလောကသား၊
- 2 အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူ၊ တညီတညွတ်တည်း နားထောင်ကြလော့။
- 3 ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည်။ ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
- 4 ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
- 5 ခဲယဉ်းဆိုးယုတ်သော ကာလ၌ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
- 6 ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
- 7 မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
- 8 သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီးလှ ပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
- 9 ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မရောက်ရာ။
- 10 ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။
- 11 မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
- 12 သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေ တတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။
- 13 ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။
- 14 ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။
- 15 ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။
- 16 သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။
- 17 ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ။
- 18 ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
- 19 သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
- 20 ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗