시편 139편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 24절
- 1 အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
- 2 အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော် မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နား လည်တော်မူ၏။
- 3 အကျွန်ုပ်သွားသောလမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။
- 4 အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။
- 5 ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ။
- 6 ထိုသို့သော ဉာဏ်သည် အံ့ဩဘွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် မမှီနိုင်ပါ။
- 7 ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
- 8 ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ၏။
- 9 နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌ နေလျှင်၊
- 10 ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
- 11 အကယ်၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
- 12 အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဉ့်သည် နေကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ၏။
- 13 ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကို ပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော် မူပြီ။
- 14 အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည်အမှန်သိပါ၏။
- 15 မထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသော အခါ၊ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
- 16 မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကို လည်း ကိုယ်တော်သည်ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင်၍ တစုံတခုမျှ မရှိမှီကာလတွင်၊ ကိုယ်တော်၏ စာရင်း၌အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။
- 17 အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန် များပြားကြပါ၏။
- 18 ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြားကြပါ၏။အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။
- 19 အိုဘုရားသခင်၊ ကိုယ်တော်သည် မတရားသော သူတို့ကို ကွပ်မျက်တော်မူပါစေသော။ လူအသက်ကို သတ်တတ်သောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။
- 20 ထိုသူတို့သည် ကိုယ်တော်တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို၍၊ ကိုယ်တော်၏ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ၏။
- 21 အိုထာဝရဘုရား၊ ကိုယ်တော်ကို မုန်းသောသူ တို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာပါသည် မဟုတ် လော။
- 22 ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ၏။
- 23 အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။
- 24 ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗