출애굽기 26장 Judson (1835)
Judson (1835) · 미얀마어 · 출애굽기 (Exodus) · 37절
- 1 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။
- 2 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။
- 3 ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
- 4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
- 5 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
- 6 ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။
- 7 တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
- 8 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
- 9 ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။
- 10 ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
- 11 ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။
- 12 ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
- 13 အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။
- 14 အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။
- 15 တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
- 16 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။
- 17 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
- 18 တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။
- 19 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။
- 20 ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။
- 21 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။
- 22 တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
- 23 ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။
- 24 အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
- 25 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။
- 26 တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။
- 27 တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။
- 28 အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။
- 29 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။
- 30 တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
- 31 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။
- 32 ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။
- 33 သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
- 34 ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
- 35 ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။
- 36 တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
- 37 ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗