전도서 4장 Judson (1835)
Judson (1835) · 미얀마어 · 전도서 (Ecclesiastes) · 16절
- 1 တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
- 2 သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။
- 3 သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
- 4 တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
- 5 မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။
- 6 ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။
- 7 တဖန်ငါထပ်၍၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
- 8 လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
- 9 လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
- 10 တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
- 11 လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏။ တယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင် သနည်း။
- 12 လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။
- 13 ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။
- 14 ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
- 15 နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
- 16 ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗