잠언 8장 Judson (1835)
Judson (1835) · 미얀마어 · 잠언 (Proverbs) · 36절
- 1 ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
- 2 မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။
- 3 ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
- 4 အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။
- 5 ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဉာဏ်ရှိကြ လော့။
- 6 နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။
- 7 ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
- 8 ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။
- 9 နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။
- 10 ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။
- 11 အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
- 12 ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။
- 13 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
- 14 အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
- 15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
- 16 ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။
- 17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
- 18 ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။
- 19 ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
- 20 ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊
- 21 ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
- 22 ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
- 23 မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
- 24 နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။
- 25 တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
- 26 မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
- 27 မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
- 28 အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
- 29 သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
- 30 ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊
- 31 ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။
- 32 သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
- 33 ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
- 34 ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
- 35 ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။
- 36 ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗