로그인

잠언 26장 Judson (1835)

Judson (1835) · 미얀마어 · 잠언 (Proverbs) · 28절

  1. 1 နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
  2. 2 စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
  3. 3 မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။
  4. 4 မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
  5. 5 မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
  6. 6 မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။
  7. 7 သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။
  8. 8 မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
  9. 9 ဆူးသည် ယစ်မူးသောသူ၏လက်ကို စူးသကဲ့သို့၊ သတ္တံစကားသည် မိုက်သောသူ၏ နှုတ်၌ရှိ၏။
  10. 10 ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ်၏။
  11. 11 ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။
  12. 12 ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
  13. 13 ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
  14. 14 တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။
  15. 15 ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
  16. 16 ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
  17. 17 လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။
  18. 18 ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊
  19. 19 မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။
  20. 20 ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
  21. 21 မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
  22. 22 ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
  23. 23 ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
  24. 24 အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
  25. 25 ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
  26. 26 အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။
  27. 27 တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
  28. 28 မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗