로그인

이사야 39장 Judson (1835)

Judson (1835) · 미얀마어 · 이사야 (Isaiah) · 8절

  1. 1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။
  2. 2 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှ မရှိ။
  3. 3 ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
  4. 4 နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။
  5. 5 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
  6. 6 နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
  7. 7 သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
  8. 8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ ၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗