욥기 7장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 21절
- 1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
- 2 ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊
- 3 ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။
- 4 အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။
- 5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
- 6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
- 7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။
- 8 ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။
- 9 မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။
- 10 မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
- 11 ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
- 12 ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
- 13 ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
- 14 ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
- 15 ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
- 16 ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
- 17 ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
- 18 သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။
- 19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
- 20 လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
- 21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗