욥기 4장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 21절
- 1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
- 2 ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
- 3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
- 4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
- 5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
- 6 သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
- 7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
- 8 ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
- 9 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
- 10 ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
- 11 ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
- 12 တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
- 13 လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
- 14 ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
- 15 ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
- 16 ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
- 17 သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
- 18 အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
- 19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
- 20 တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
- 21 သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗