요한복음 9장 Judson (1835)
Judson (1835) · 미얀마어 · 요한복음 (John) · 41절
- 1 လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ၏။
- 2 တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။
- 3 ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှု တော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။
- 4 ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။
- 5 ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊
- 6 မြေပေါ်မှာ ထွေး၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍၊
- 7 သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
- 8 သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ၏။
- 9 လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
- 10 သူတို့ကလည်း၊ အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊
- 11 ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
- 12 လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။
- 13 လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။
- 14 ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
- 15 တဖန်ဖာရိရှဲတို့က၊ အဘယ်သို့သင်၏မျက်စိမြင်သနည်းဟုမေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌သူသည် ရွှံ့ ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
- 16 ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။
- 17 တဖန်မျက်စိကန်းဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
- 18 ထိုသူသည် အထက်မျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
- 19 ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏ သားမှန်လော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
- 20 မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း၊ အကျွန်ုပ်တို့ သိကြပါ၏။
- 21 အဘယ်ကြောင့် မျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည်သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
- 22 ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။
- 23 ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။
- 24 ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊
- 25 လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
- 26 တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
- 27 အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။
- 28 ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။
- 29 ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊
- 30 သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ၏။
- 31 ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
- 32 အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။
- 33 ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။
- 34 ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ၏။
- 35 နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
- 36 သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
- 37 ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
- 38 သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
- 39 ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
- 40 အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
- 41 ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗