요한계시록 15장 Judson (1835)
Judson (1835) · 미얀마어 · 요한계시록 (Revelation) · 8절
- 1 တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
- 2 မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
- 3 ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
- 4 အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
- 5 ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
- 6 ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
- 7 သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။
- 8 ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗