열왕기하 14장 Judson (1835)
Judson (1835) · 미얀마어 · 열왕기하 (2 Kings) · 29절
- 1 ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှ နန်းစံနှစ်နှစ်တွင်၊
- 2 ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ၏။
- 3 ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌တရား သော အမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု၏။
- 4 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
- 5 အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ ၏။
- 6 သားအတွက်အဘသည် အသေမခံရ။အဘ အတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သားများကိုမသတ်ဘဲ နေ၏။
- 7 အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့ တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။
- 8 ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ်၏ သားယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက် လျှင်၊
- 9 ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ်၍၊ သင့် သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန် သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ ၏။
- 10 သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။
- 11 ထိုစကားကို အာမဇိသည် နားမထောင်သော ကြောင့်၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
- 12 ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
- 13 ဣသရေလရှင်ဘုရင်ယဟောရှသည်၊ ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက် လေ၏။
- 14 ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက်၌၎င်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။
- 15 ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
- 16 ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
- 17 ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
- 18 အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
- 19 ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ် ၍ သတ်စေပြီးမှ၊
- 20 မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင် ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
- 21 ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက် တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။
- 22 ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။
- 23 ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌ မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။
- 24 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။
- 25 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏ သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုလေ၏။
- 26 အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ဣသ ရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကို၎င်း၊ ထာဝရ ဘုရားသည်မြင်လျှင်၊
- 27 ဣသရေလအမျိုး၏ နာမကို မိုဃ်းကောင်းကင် အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူ၏။
- 28 ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
- 29 ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသ ရေလရှင်ဘုရင်တို့နှင့်အိပ်ပျော်၍ သားတော် ဇာခရိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗