로그인

열왕기상 16장 Judson (1835)

Judson (1835) · 미얀마어 · 열왕기상 (1 Kings) · 34절

  1. 1 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊
  2. 2 သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
  3. 3 သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
  4. 4 ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။
  5. 5 ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
  6. 6 ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
  7. 7 ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
  8. 8 ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
  9. 9 ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊
  10. 10 ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။
  11. 11 နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။
  12. 12 ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။
  13. 13 အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။
  14. 14 ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
  15. 15 ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။
  16. 16 ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။
  17. 17 ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။
  18. 18 မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။
  19. 19 အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။
  20. 20 ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။
  21. 21 ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။
  22. 22 ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
  23. 23 ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
  24. 24 ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။
  25. 25 ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။
  26. 26 နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
  27. 27 ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
  28. 28 ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
  29. 29 ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
  30. 30 ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
  31. 31 နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
  32. 32 ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။
  33. 33 အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။
  34. 34 အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗