역대하 19장 Judson (1835)
Judson (1835) · 미얀마어 · 역대하 (2 Chronicles) · 11절
- 1 ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ၏။
- 2 ဟာနန်သားပရောဖက်ယေဟုသည်၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။
- 3 သို့သော်လည်း၊ မင်းကြီးသည် တပြည်လုံးတွင်၊ အားရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို၏။
- 4 ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌ နေ၏။ တဖန်ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော် မူ၏။
- 5 ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊
- 6 သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏ အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာ တွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
- 7 သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။
- 8 ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏တရားမှုကို၎င်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို၎င်း၊ စီရင်စေခြင်းငှါ လေဝိသား၊ ယဇ်ပုရော ဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊
- 9 သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြ လော့။
- 10 အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင်တို့ ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့်အမျိုးသားချင်းတို့အပေါ် သို့ အမျက်တော်သက်ရောက်စေခြင်းငှါ၊ သူတို့သည် ထာဝရဘုရားကို အပြစ်မှားရမည်အကြောင်း သတိပေး ကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။
- 11 ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရော ဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ် သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း၊ အမှုထမ်းလုလင်လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသူတို့ ဘက်မှာ နေတော်မူမည်ဟု မှာထာတော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗