역대상 11장 Judson (1835)
Judson (1835) · 미얀마어 · 역대상 (1 Chronicles) · 47절
- 1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြ ပါ၏။
- 2 အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
- 3 ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
- 4 တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
- 5 ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
- 6 ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
- 7 ထိုနောက် ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
- 8 မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ၏။
- 9 ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
- 10 ဣသရေလအမျိုး၌ ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့၏ စာရင်းဟူမူကား၊
- 11 ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံလေ၏။
- 12 သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ်၏။
- 13 ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက်၌ စုဝေး၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
- 14 ထိုသူတို့သည် လယ်ကွက်အလယ်၌ရပ်၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
- 15 ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
- 16 ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
- 17 ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
- 18 ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
- 19 ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
- 20 ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။
- 21 သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ။
- 22 အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
- 23 အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။
- 24 ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။
- 25 ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး၏။
- 26 ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
- 27 ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
- 28 တေကောအမျိုး ဣကေရှ၏သား ဣရ၊ အနေ သောသိအမျိုး အဗျေဇာ၊
- 29 ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
- 30 နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိ အမျိုး ဗာန၏သား ဟေလက်၊
- 31 ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
- 32 ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုးအဗျေလ၊
- 33 ဗာဟုမိအမျိုးအာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
- 34 ဂိဇောနိအမျိုးယာရှင်၏သားတို့တွင် ယောန သန်၊ ဟာရရိအမျိုး ရှမ္မ၊
- 35 ဟာရရိအမျိုးရှာရ၏ သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
- 36 မေခေရသိအမျိုးဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
- 37 ကရမေလအမျိုးဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊
- 38 နာသန်၏ညီယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
- 39 အမ္မုန်အမျိုးဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
- 40 ဣသရိအမျိုး ဣရ၊ ဣသရိအမျိုးဂါရက်၊
- 41 ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
- 42 ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
- 43 မာခါ၏သားဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
- 44 အာရှတယောသိအမျိုးဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
- 45 တိဇိအမျိုးရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီ ယောဟ၊
- 46 မဟာဝိအမျိုးဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုးဣသမနှင့်တကွ၊
- 47 ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေ လတည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗