여호수아 4장 Judson (1835)
Judson (1835) · 미얀마어 · 여호수아 (Joshua) · 24절
- 1 လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော် ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊
- 2 လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက်၍၊
- 3 သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချ ရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း၊
- 4 ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ခေါ်၍၊
- 5 သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။
- 6 သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင် ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
- 7 သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
- 8 ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။
- 9 တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။
- 10 ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန် မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ ကူးကြ၏။
- 11 လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ၏။
- 12 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ၏။
- 13 ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ၏။
- 14 ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ၏။
- 15 တဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊
- 16 ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
- 17 ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။
- 18 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။
- 19 ပဌမလ၊ ဒသမ နေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။
- 20 ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား ၏။
- 21 ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာ လ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင်၊
- 22 သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။
- 23 ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင်၊
- 24 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည် နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတ ဘက်သို့ မရောက်မှီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗