여호수아 11장 Judson (1835)
Judson (1835) · 미얀마어 · 여호수아 (Joshua) · 23절
- 1 ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
- 2 တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
- 3 အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
- 4 ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
- 5 ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။
- 6 ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
- 7 ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
- 8 ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
- 9 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
- 10 ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
- 11 ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
- 12 ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
- 13 သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
- 14 ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
- 15 ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
- 16 ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
- 17 လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
- 18 ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
- 19 ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
- 20 အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
- 21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
- 22 ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
- 23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗