시편 44편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 26절
- 1 အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလ တွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။
- 2 တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏။ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ၏။
- 3 သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ၏။
- 4 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
- 5 ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော။
- 6 ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။
- 7 ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။
- 8 အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
- 9 သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
- 10 အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
- 11 ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
- 12 ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
- 13 အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
- 14 တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
- 15 ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
- 16 ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
- 17 ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
- 18 စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
- 19 ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
- 20 အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမ တော်ကိုမေ့လျော့၍၊ တပါးအမျိုး၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊
- 21 နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။
- 22 အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။
- 23 အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။
- 24 အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း။
- 25 အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍၊ ရင်ပတ်လည်းမြေ၌ကပ်လျက်ရှိပါ၏။
- 26 အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗