시편 103편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 22절
- 1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။
- 2 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
- 3 သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
- 4 သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
- 5 သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
- 6 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
- 7 ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
- 8 ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
- 9 အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
- 10 ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
- 11 မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
- 12 အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။
- 13 အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
- 14 အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။
- 15 လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
- 16 လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
- 17 ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။
- 18 သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
- 19 ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
- 20 တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
- 21 အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
- 22 နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗