스가랴 6장 Judson (1835)
Judson (1835) · 미얀마어 · 스가랴 (Zechariah) · 15절
- 1 တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
- 2 ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
- 3 တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
- 4 အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
- 5 ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
- 6 ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
- 7 ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
- 8 ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
- 9 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
- 10 အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
- 11 ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
- 12 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
- 13 ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
- 14 ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
- 15 ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗