로그인

스가랴 4장 Judson (1835)

Judson (1835) · 미얀마어 · 스가랴 (Zechariah) · 14절

  1. 1 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊
  2. 2 သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
  3. 3 ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲ ဘက်၌ တပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊
  4. 4 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော်၊
  5. 5 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
  6. 6 ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာ တန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ၏။
  7. 7 အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။
  8. 8 တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
  9. 9 ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည်။
  10. 10 အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြ လိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
  11. 11 ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ၍ ၎င်း၊
  12. 12 ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ၍၎င်း မေးလျှောက်သော်၊
  13. 13 ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက်၏။
  14. 14 ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗