사사기 2장 Judson (1835)
Judson (1835) · 미얀마어 · 사사기 (Judges) · 23절
- 1 ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည်။
- 2 သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။
- 3 တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
- 4 ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
- 5 ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
- 6 အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။
- 7 ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
- 8 ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။
- 9 ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
- 10 ယောရှုလက်ထက်ကာလ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
- 11 ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
- 12 အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
- 13 ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
- 14 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့ အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ။
- 15 သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။
- 16 သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
- 17 ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
- 18 ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။
- 19 တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။
- 20 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကို နားမထောင်။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့်၊
- 21 ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။
- 22 သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
- 23 ထိုလူမျိုးကို ယောရှုလက်၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗