사무엘하 2장 Judson (1835)
Judson (1835) · 미얀마어 · 사무엘하 (2 Samuel) · 32절
- 1 ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော်၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊
- 2 ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူအဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။
- 3 မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့၍သူတို့သည် ဟေဗြုန်မြို့ရွာတို့၌ နေကြ၏။
- 4 တဖန်ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
- 5 ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာ ကျေးဇူးပြု၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော။
- 6 ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။
- 7 ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့။ သင်တို့အရှင်ရှောလုသေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ၏။
- 8 သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
- 9 ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
- 10 ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။
- 11 ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။
- 12 တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊
- 13 ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက်၌ ထိုင်ကြ၏။
- 14 အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော်၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း၊
- 15 ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။
- 16 သူတို့သည်လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဘက်၏ ခေါင်းကိုကိုင်လျက်၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။
- 17 ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။
- 18 ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။
- 19 အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက်၏။
- 20 အာဗနာသည်နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟုမေးသော်၊ မှန်သည်ဟု ပြန်ပြော၏။
- 21 အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
- 22 တဖန်အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊
- 23 အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျား ဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည် လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလလဲ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ၏။
- 24 ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွာသောလမ်းနား၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။
- 25 ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ၏။
- 26 ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊
- 27 ယွာဘက၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက်၊
- 28 တံပိုးမှုတ်၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက်၊ စစ်မတိုက်ဘဲရပ်နေကြ၏။
- 29 အာဗနာနှင့်သူ၏လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။
- 30 ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ။
- 31 ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။
- 32 အာသဟေလ၏ အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တညဉ့်လုံးသွား၍၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗