사무엘상 5장 Judson (1835)
Judson (1835) · 미얀마어 · 사무엘상 (1 Samuel) · 12절
- 1 ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
- 2 ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
- 3 အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
- 4 တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
- 5 ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
- 6 အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
- 7 အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
- 8 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
- 9 ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
- 10 တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
- 11 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
- 12 သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗