로그인

사무엘상 3장 Judson (1835)

Judson (1835) · 미얀마어 · 사무엘상 (1 Samuel) · 21절

  1. 1 သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။
  2. 2 တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-
  3. 3 ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊-
  4. 4 ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊-
  5. 5 ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။
  6. 6 တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ -
  7. 7 ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။
  8. 8 တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊-
  9. 9 သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။-
  10. 10 ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
  11. 11 ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
  12. 12 ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-
  13. 13 ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။-
  14. 14 ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။
  15. 15 ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။
  16. 16 ဧလိက၊ ငါ့သားရှမွေလဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။
  17. 17 ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊-
  18. 18 ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
  19. 19 ရှမွေလသည် အစဉ်အတိုင်း ကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ။-
  20. 20 သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။
  21. 21 ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗