사도행전 3장 Judson (1835)
Judson (1835) · 미얀마어 · 사도행전 (Acts) · 26절
- 1 ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
- 2 အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
- 3 ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။
- 4 ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊
- 5 ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
- 6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊
- 7 သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊
- 8 ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
- 9 ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊
- 10 ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
- 11 ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
- 12 ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။
- 13 အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။
- 14 သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
- 15 အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
- 16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
- 17 ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
- 18 ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
- 19 ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
- 20 သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
- 21 ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
- 22 ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။
- 23 အကြင်သူသည် ထိုပရောဖက်၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
- 24 ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ။
- 25 သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
- 26 သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗