마태복음 4장 Judson (1835)
Judson (1835) · 미얀마어 · 마태복음 (Matthew) · 25절
- 1 ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
- 2 ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
- 3 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
- 4 ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
- 5 ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊
- 6 ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
- 7 ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ၏။
- 8 တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊
- 9 ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။
- 10 ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။
- 11 ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။
- 12 ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
- 13 နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။
- 14 ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။
- 15 နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊
- 16 မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။
- 17 ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
- 18 ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
- 19 ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊
- 20 ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
- 21 ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
- 22 ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
- 23 ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
- 24 သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
- 25 ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗