로그인

레위기 20장 Judson (1835)

Judson (1835) · 미얀마어 · 레위기 (Leviticus) · 27절

  1. 1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
  2. 2 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
  3. 3 ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
  4. 4 မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
  5. 5 ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
  6. 6 လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
  7. 7 သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
  8. 8 ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
  9. 9 မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
  10. 10 သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
  11. 11 ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
  12. 12 ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
  13. 13 မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
  14. 14 ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
  15. 15 ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
  16. 16 မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
  17. 17 ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
  18. 18 ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
  19. 19 အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
  20. 20 အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
  21. 21 ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
  22. 22 သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
  23. 23 သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
  24. 24 သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
  25. 25 ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
  26. 26 ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
  27. 27 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗