레위기 17장 Judson (1835)
Judson (1835) · 미얀마어 · 레위기 (Leviticus) · 16절
- 1 တဖန်မောရှေအား ထာဝရဘုရားက၊
- 2 သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
- 3 ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊
- 4 ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
- 5 ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။
- 6 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
- 7 သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
- 8 ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-
- 9 ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။
- 10 ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
- 11 အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
- 12 ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
- 13 ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
- 14 အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
- 15 အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
- 16 အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗