레위기 13장 Judson (1835)
Judson (1835) · 미얀마어 · 레위기 (Leviticus) · 59절
- 1 တဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
- 2 လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည်။
- 3 ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ ပေါ်သော အနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည် ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟု စီရင်ရမည်။
- 4 ကိုယ်အရေ၌ရှိသော နူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။
- 5 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- 6 တဖန် သတ္တမနေ့၌ ကြည့်ရှု၍ အနာသည် အရေ၌ မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။
- 7 စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ် ပုရောဟိတ်ကြည့်ရှုပြန်၍၊-
- 8 ယားနာ တိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။
- 9 နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည်။
- 10 ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌ အသားစိုရှိလျှင်၎င်း၊-
- 11 ကိုယ်အရေ၌ ဟောင်းသော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။
- 12 နူနာသည် အရေ၌ တိုးပွား၍ အနာစွဲသော သူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှု လေရာရာ၌ နူနာနှံ့ပြားလျှင်၊ -
- 13 ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍ စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။-
- 14 သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ်။
- 15 ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု၍ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။
- 16 အသားစိုသည် ခြားနား၍ ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည်။
- 17 ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူ စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ်၏။
- 18 ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ ပျောက်ပြီးမှ၊-
- 19 အနာရွတ်၌ ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသော အနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊
- 20 အရေအောက်၌ စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်းထဲက ထွက်သော နူနာဖြစ်၏။-
- 21 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်း ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- 22 အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။
- 23 သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူစင်ကြယ်၏ဟု စီရင်ရမည်။
- 24 အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာ အသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊-
- 25 ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာမှန်၏။
- 26 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- 27 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ နူကွက်သည် အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။
- 28 သို့မဟုတ် နူကွက်မရွေ့ အရေ၌မတိုးပွား ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာ အဖူးဖြစ်၏။ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။
- 29 ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊-
- 30 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူ မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။
- 31 ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သော အမွေး လည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- 32 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာမတိုးပွား၊ ပါးသောအမွှေးမရှိ၊ အရေအောက်၌ စွဲဟန်လည်းမရှိလျှင်၊-
- 33 ထိုသူ၏ အမွေးကို ရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
- 34 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အရေ၌ အနာမတိုးပွါး၊ အရေအောက်၌ မစွဲလျှင်၊ ထိုသူသည် စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။
- 35 စင်ကြယ်စေပြီးမှ၊ နောက်တဖန် ဗောက်နူနာတိုးပွါးလျှင်၊-
- 36 ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍ အနာတိုးပွါးသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေး ကို မရှာရ။ ထိုသူသည် မစင်ကြယ်။
- 37 သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သော အမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည် စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟု စီရင်ရမည်။
- 38 ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ ဖြူသောနူကွက်ရှိ၍၊-
- 39 ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သော ညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။
- 40 ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။
- 41 နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။
- 42 ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။
- 43 ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ ပေါက်သော အနာ၏အဖူးဖြူနီလျှင်၊-
- 44 ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
- 45 နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည်။ ခေါင်းကို မဖုံး၊ အထက်နှုတ်ခမ်းကို ဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။
- 46 ထိုအနာစွဲသည် ကာလပတ်လုံး၊ သူသည် ညစ်ညူး၏ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်း နေရမည်။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည်။
- 47 ၎င်းနည်းနူနာစွဲသော အဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊-
- 48 ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင် ဖြစ်စေ၊-
- 49 အဝတ်၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။
- 50 ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည်။
- 51 သတ္တမနေ့၌ တဖန်ကြည့်ရှု၍ အဝတ်၌ အနာတိုးပွါးလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သော နူနာစွဲပြီ။
- 52 ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သော နူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။
- 53 ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာမတိုးပွါးလျှင်၊-
- 54 အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ် စီရင်၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည်။
- 55 ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
- 56 ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည်။
- 57 နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာ ဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။
- 58 ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက် လျှင်၊ ဒုတိယအကြိမ် ဆေးလျှော်၍ စင်ကြယ်ရ၏။
- 59 ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗