다니엘 12장 Judson (1835)
Judson (1835) · 미얀마어 · 다니엘 (Daniel) · 13절
- 1 ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။
- 2 ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။
- 3 ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။
- 4 သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏။
- 5 ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။
- 6 တပါးကလည်း၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း၏။
- 7 ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။
- 8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊
- 9 ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
- 10 လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။
- 11 နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
- 12 အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။
- 13 သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ်စွာ နေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသားသောအနာဂတ္တိကျမ်းပြီး၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗